Saturday, October 11, 2008

Suu Kyi appeals to Myanmar government against her detention

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းကို ရုတ်သိမ်းပေးရန် စစ်အစိုးရအာဏာပိုင်များအား တောင်းဆိုလိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရသူ ဦးဥာဏ်ဝင်းက စနေနေ့တွင် ပြောဆိုခဲ့သည်။

YANGON: Myanmar's detained democracy leader Aung San Suu Kyi has appealed to the ruling military government against her detention, her party's spokesman said on Saturday.

The appeal was sent by the opposition National League for Democracy party to military leaders in the administrative capital Naypyidaw in an attempt to secure her release from house arrest at her lakeside home in Yangon.

"One of her lawyers, U Hla Myo Myint, sent her appeal to the cabinet in Naypyidaw on Thursday. They accepted it and signed the receipt," Nyan Win, an NLD spokesman told AFP.

"We can say that the way is open for her appeal for her release. It's still too early to say how things will develop," he said, adding that he believed an appeal hearing date may soon be set.

Nobel Prize laureate Aung San Suu Kyi approved the final draft of her legal appeal during a meeting with her lawyer Kyi Win in September.

More details on

Thursday, October 2, 2008

အဖမ်းဆီးခံ ဘလော့ဂါကိုနေဘုန်းလတ်အား ထပ်မံ၍ ရုံးထုတ်စစ်ဆေး

ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသည့် လူငယ် ဘလော့ဂါ စာရေးဆရာ တစ်ဦးဖြစ်သူ ကိုနေဘုန်းလတ်အား အင်းစိန်ထောင်ရှိ တရားရုံးတွင် ထပ်မံ၍ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။


ကိုနေဘုန်းလတ်၏ ဘလော့ဂ်ကို www.nayphonelatt.net သို့မဟုတ် http://nayphonelatt.blogspot.com တွင် ၀င်ရောက် ဖတ်ရှုနိုင်သည်။ ကိုနေဘုန်းလတ်သည် စံပယ်ဖြူမဂ္ဂဇင်း၏ ပင်တိုင်ကလောင်ရှင်တစ်ဦး ဖြစ်သလို အွန်လိုင်း လူငယ်မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် သံလွင်အိပ်မက် မဂ္ဂဇင်း၏ အယ်ဒီတာ တစ်ဦးလည်း ဖြစ်သည်။


ကိုနေဘုန်းလတ်သည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် မတရား ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှု ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) နှင့် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(က)၊ ၃၈ တို့ဖြင့် တရားစွဲဆိုခြင်း ခံနေရသည်။


ကိုနေဘုန်းလတ်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက ပြောပြရာတွင် ဗဟန်းရဲစခန်းမှ ရဲတစ်ဦးက ကိုနေဘုန်းလတ်သည် စက်တင်ဘာဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ မည်သည့် အထောက်အထားမှ မရှိဘဲ တရားလို အဖြစ် သက်သေထွက်ဆိုခဲ့ကြောင်း၊ ဇူလိုင်လဆန်းပိုင်းမှ စ၍ တိုက်ပိတ်ထားသကဲ့သို့ အင်းစိန်ထောင်ရှိ သီးသန့်ခန်းတွင် ထားကာ လမ်းလျှောက်ခွင့် မရကြောင်း၊ ထို့နည်းတူ ကိုဇာဂနာမှာလည်း လမ်းလျှောက်ခွင့် မရကြောင်း ပြောဆိုခဲ့သည်။


ကိုနေဘုန်းလတ်အား ယခုကဲ့သို့ ဖမ်းဆီးထားခြင်းသည် တရားမျှတမှု မရှိခြင်းကြောင့် အမြန်ဆုံး လွှတ်ပေးရန် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကလည်း တောင်းဆိုထားကြောင်း အဆိုပါအဖွဲ့၏ အင်တာနက်သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။


ကိုနေဘုန်းလတ်၏ သူငယ်ချင်းများက Free Nay Phone Latt ( http://freenpl.blogspot.com ) ဟု အမည်ရသည့် ဘလော့ဂ်ကို ဖန်တီးထားပြီး ကိုနေဘုန်းလတ်နှင့် ပတ်သက်သည့် အမှတ်တရစာများ၊ သတင်းများကို တစုတစည်းတည်း ဖတ်နိုင်ရန် စီစဉ်ပေးထားသည်။


အထိန်းသိမ်းခံ ကိုနေဘုန်းလတ်အား အမှတ်ရသည့်အနေဖြင့် အထိမ်းအမှတ်ပွဲများ ကျင်းပပေးခြင်း၊ မွေးနေ့ပွဲများ ကျင်းပပေးခြင်းတို့ကို ကိုနေဘုန်းလတ်၏ သူငယ်ချင်းများက ပြုလုပ်ပေးခဲ့ပြီး မကြာမီက ပြုလုပ်ခဲ့သော စင်္ကာပူရောက် မြန်မာဘလော့ဂါများ တွေ့ဆုံပွဲတွင်လည်း ကိုနေဘုန်းလတ် အမြန်လွတ်မြောက်စေရန် ဆုတောင်းသည့် အနေဖြင့် အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သည့် ဘလော့ဂါများက တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြကြောင်း အဆိုပါ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ဘလော့ဂါတစ်ဦးက ပြောပြသည်။



(Ref:သံလွင်သတင်း & Mizzima & Reporters without Borders)

Tuesday, September 30, 2008

Myanmar author beats censors

စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာနေထိုင်ရင်း မိမိရဲ့ စာအုပ်တစ်အုပ်ကို တိုင်းပြည်ပြင်ပမှာ ထုတ်ဝေဖြစ်တဲ့ ပထမဆုံးစာရေးဆရာက ဒေါ်နုနုရီပါပဲလို့ Beijing(Reuters Life!) ကဆိုထားပါတယ်။ သူမရဲ့အသံကို ကြားဖို့ဆယ်စုနှစ်တစ်ခုစာထက်ပို၍ ဆင်ဆာ(စာပေစိစစ်ရေး)အတွက်ကို အသေအလဲကြိုးစားခဲ့ရတယ်။ ယခု သူမက တခြားမြန်မာစာရေးဆရာများကိုလဲ သူမလမ်းစဉ်နောက်လိုက်စေချင်ပါတယ်။

သူမ၏
ပြုံး၍လည်း ကန်တော့ခံယူတော်မူပါ၊ ရယ်၍လည်း ကန်တော့ ခံယူတော်မူပါ”(smile as they bow) စာအုပ်သည်လည်း မနှစ်က Asian Booker ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။ သူမသည် အင်္ဂလိပ်ဘာသာ စာအုပ်ဆိုင်များ၌ ထိုင်းနိုင်ငံ၏ စာရင်းအောက်တွင်မဟုတ်ပဲ မြန်မာစာပေကိုကိုယ်ပိုင်စာအုပ်စင်၏ စာရင်းတွင်ဖြည့်ဆည်း ဖန်တီးကူညီရန် ဆုံးဖြတ်ချက်ချက်ခဲ့သည်။

သူမ၏ တောင်ပြုန်းနတ်ပွဲအကြောင်းဝတ္ထုကို အင်္ဂလိပ်ဘာသာပြန်ထုတ်ဝေပြီးနောက် Reuters သို့ပြောခဲ့သည်။ အပြည့်အစုံကို ဖတ်ရန် ဤနေရာတွင် click လုပ်ပါ။

Thursday, September 25, 2008

မြို့တော်ခမ်းမအနီး ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

ဒီနေ့ မနက်၁၀နာရီခွဲလောက်တွင် ရန်ကုန်မြို့၌ မြို့တော်ခမ်းမအနီး ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးခန့်ဒဏ်ရာရရှိသွားသည်ဟု သတင်းရသည်။

သတင်းကြားကြားချင်း ဆက်သွယ်မေးမြန်းရာတွင် စမ်းချောင်းဘက်တွင် အလုပ်လုပ်နေသောလူငယ်တစ်ဦးမှ “ တကယ်လို့တော့ပြောတယ်ဗျ အသံ အကျယ်ကြီး ကြားလိုက်ရတယ် ဆိုတာ ကတော့ သေချာတယ်... ကျန်တာတော့ သူများပြောတာ” ဟု ပြန်ဖြေပါသည်။
ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်၏ ပထမနေ့ဖြစ်သော ယနေ့တွင် လုံခြုံရေးများ အထူးတင်းကြပ်ထားသည့်ကြားမှပင် အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူအသေအပျောက်မရှိခဲ့ဘဲ လူ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာ နေရာရှိ ရဲအရာရှိတစ်ဦးကဆိုသည်။ လူ ၄ ဦးမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးဖြစ်ပြီး ဒဏ်ရာများမှာ စိုးရိမ်ဖွယ်ရာမရှိဟု ၄င်းကဆိုသည်။ ဗုံးပေါက်ကွဲပြီးသည်နှင့် လက်နက်ကိုင်ရဲများ၊ စစ်သားများ ချက်ချင်းရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်ဟု သိရသည်။

အဆိုပါပေါက်ကွဲမှုအတွက် မည်သည့်ဘက်ကမှ မှတ်ချက်ပေးခြင်းမျိုးမရှိသေးပေ။

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Thursday, December 13, 2007

အရေခွံငတ်နေသောခန္ဓာ၏အော်သံ ( သို့ ) လူ့အခွင့်အရေး ဘာလည်း၊ ဘယ်လည်း



လူအချင်းချင်း သတ်ဖြတ်မှုတွေ၊ နိုင်ထက်စီးနင်းပြုမှုတွေ၊ မတရားဖိနိပ်ချုပ်ချယ်မှုတွေစတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို အတင်းတိုးဝှေ့ကျော်ခွပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့ဆိုတဲ့ နေ့တစ်နေ့ကတော့ ၂၀၀၇ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ (၅၇)နှစ်မြောက်မွေးနေ့ပွဲကျင်းပဖို့အတွက် ကမ္ဘာမြေပေါ်ကိုထပ်မံ ရောက်ရှိလို့လာခဲ့ပြန်ပြီပေါ့။

၁၉၄၈ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ သူ့ကိုမွေးဖွားခဲ့ကြတယ် ဆိုပေမယ့် ၁၉၅၀ ဒီဇင်ဘာလ (၁၀)ရက် နေ့မှပဲ သူ့မွေးနေ့ပွဲကို တရားဝင်စတင်ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် မွေးနေ့ပွဲကို (၅၇)နှစ်ကြိမ်မြောက် ကျင်းပခြင်းလို့ ခေါ်ဆိုချင်ခေါ်ဆိုနိုင်ပေမယ့် သူ့အသက်အမှန်ကတော့ (၅၉)နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာမြေရဲ့ တစ်ဖက်ခြမ်းအမှောင်ထုထဲက ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့ လူပေါင်းများစွာရဲ့ အော်ဟစ်ညည်းညူသံတွေကို လစ်လျှူရှုပြီး ဒီမွေးနေ့ပွဲကြီးကို ပျော်ပျော်ရွှင်ရွှင်ကျင်းပနေခဲ့မယ်ဆိုရင် သူတရားမှတရားပါ့မလားဆိုတဲ့ သံသယစိတ်တွေဝင်လာနေမိတော့ မွေးနေ့ရှင်တို့ရဲ့ထုံးစံ လာသမျှလူကို ဟန်မပျက်အောင်လိုက်ပြုံးပြနေတာကလွဲလို့ သူ့ဆီမှာ မွေးနေ့ရှင်တစ်ယောက်ရဲ့ ရင်ခုန်တက်ကြွမှုမျိုးတွေ ရှိမနေနိုင်တော့ပါဘူး။

အထူးသဖြင့် သူ့ အသက်(၅၉)နှစ်ပြည့်သည်အထိ သူ့နာမည်ကို ယောင်လို့တောင်မကြားဘူးသေးတဲ့ မြန်မာဆိုတဲ့ နိုင်ငံငယ်လေးတစ်ခု ကမ္ဘာပေါ်မှာ ရှိနေသေးတယ် ဆိုတဲ့အဖြစ်အပျက်က သူ့ရဲ့မွေးနေ့ပွဲကြီးကို အကြီးအကျယ်အရှက်ရစေခဲ့ပါတယ်။


ဟုတ်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ လူ့အခွင့်အရေးဆိုတဲ့ စကားတစ်ခွန်းပါးစပ်က ထွက်မိတယ်ဆိုရင်ပဲ လူတွေကတစ္ဆေသရဲကိုမြင်မိသလို ပြောနေတဲ့လူအနားက ကြောက်လန့်စွာနဲ့ ထွက်ပြေးသွားကြမှာဖြစ်ပါတယ်။ ဒါကလည်းသူတို့အမှားတော့ မဟုတ်ပါဘူး။ မကြာခင် အဲဒီစကားလုံးပြောမိတဲ့လူရဲ့ အနောက်ကို မိစ္ဆာရဲ့အရိပ်လို ကျိန်စာတွေ တစ်ပုံတစ်ခေါင်းကြီး လိုက်ချလာတော့မှာဆိုတော့ သူတို့ပါရောပြီးပါမသွားအောင် ကြိုတင်ကာကွယ်တဲ့ သဘောပဲဖြစ်ပါတယ်။

အထက်မှာဆိုခဲ့တဲ့အတိုင်းပဲ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို လူသိရှင်ကြားပြောဆိုမိခဲ့တဲ့ လူတိုင်းလိုလို ပြောပြီးမကြာခင်မှာပဲ အကျဉ်းထောင်ဆိုတဲ့ ပစ္စုပ္ပန်ငရဲကြီးထဲကို အရှင်လတ်လတ်သွတ်သွင်းခြင်း ခံခဲ့ရတာတွေများများလာတာနဲ့အမျှ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးဟာလည်း မြန်မာပြည်ရဲ့ အဘိဓါန်မှာ ကြောက်စရာအကောင်းဆုံး စကားလုံးတစ်ခုဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာပြည်ရဲ့ရင်ခွင်မှာ လူ့အခွင့်အရေးဆိုတဲ့ ရင်ခုန်သံတွေ တဖြည်းဖြည်းနဲ့ ဆိတ်သုန်းသွားခဲ့ရပါတယ်။

ဒါပေမယ့် သိခွင့်မရှိတာတွေကိုမှ ပိုသိချင်နေတဲ့ လူသားရဲ့ပြင်းပြထက်သန်တဲ့ စိတ်သဘာဝကို ဘယ်လိုအရာမျိုးကမှ ရေရှည်ဖုန်းကွယ်မထားနိုင်ခဲ့တော့လည်း လူ့အခွင့်အရေးဆိုတာဘာလည်းဆိုတဲ့ ပဲ့တင်သံတွေ မြန်မာပြည်ရဲ့ နံရံတွေကို တဖန်ပြန်လည်ရိုက်ခတ်လို့လာခဲ့ပါတယ်။


အဲဒီ လူ့အခွင့်အရေးဆိုတာကြီးက ကမ္ဘာထိပ်သီးခေါင်းဆောင်ကြီးတွေ မနေနိုင်မထိုင်နိုင် အစည်းအဝေးပွဲတွေ မကြာခဏကျင်းပလို့ရအောင် ခေါင်းစဉ်တပ်လို့ကောင်းတဲ့ အသုံးချခံအရာတစ်ခုလား။

ဒါမှမဟုတ် လက်ရှိအစိုးရကို ကြည့်မရတာနဲ့ လူတွေစုရုံးပြီးဝိုင်းအော်လို့ကောင်းအောင် အတိုက်ခံပါတီတွေက ဆွဆွပေးနေတဲ့ ကျွေးကြော်သံတစ်ခုလား။

ဒါမှမဟုတ် ကျွန်တော်တို့အာရှတိုက်သားတွေနဲ့ အံဝင်မှုလုံးဝမရှိတဲ့ အစမ်းသပ်ခံနိုင်ငံရေးစနစ်သစ်တစ်ခုလား။

အဲဒါတွေကတော့ ကျွန်တော်တို့မြန်မာပြည်က လူသန်းပေါင်း(၆၀)လောက် သို့လောသို့လော ထင်နေကြတဲ့ လူ့အခွင့်အရေးပေါ်မြင်တဲ့ အမြင်တစ်ချို့တစ်ဝက်မျှသာဖြစ်ပါတယ်။

တစ်ချို့ကဆို လူ့အခွင့်အရေးဆိုတာကို နိုင်ငံတွင်းမတည်ငြိမ်မှုတွေဖြစ်ပွါးအောင် အနောက်နိုင်ငံက သွတ်သွင်းလာတဲ့ ကျိန်စာတစ်ပုဒ်လို့တောင်မြင်နေကြတဲ့ အထိဖြစ်နေပါတယ်။

မြန်မာပြည်ကလူအတော်များများ လူ့အခွင့်အရေးအပေါ် အဲဒီလိုအမြင်တွေစောင်းနေအောင် ချော့၍တစ်မျိုး၊ ခြောက်၍တစ်ဖုံ၊ အခြေအမြစ်မရှိတဲ့ ၀ါဒဖြန့်နည်းပေါင်းမျိုးစုံ အသုံးပြုပြီး သပ်ရိုက်သွင်းခဲ့ကြတဲ့ လူတစ်စုကတော့ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေဆိုသည့်အတိုင်း လူ့အခွင့်အရေးပေါ်ကို လူတွေ အဲဒီလို အမြင်စောင်းလေ သူတို့အကြိုက်တွေ့လေ ဖြစ်နေခဲ့ပါတယ်။

ဒါဆို လူ့အခွင့်အရေးဆိုတာ တန်ခိုးရှင်တစ်ယောက်ကဖန်ဆင်းပြီး ကြီးကျယ်မြင့်မြတ်တဲ့ လူတွေသာခံစားစေလို့ မိုးပေါ်ကနေရွေးချယ်ပြစ်ချပေးလိုက်တဲ့ လူတိုင်းနဲ့မဆိုင်တဲ့ မိုးကျရွှေကိုယ်ခံစားခွင့်တစ်ခုသက်သက်ပဲပေါ့။

မဟုတ်ပါဘူး။ အဲဒီအပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေအားလုံး သွေးထွက်အောင်မှားယွင်းနေတယ်ဆိုတာ ကျွန်တော်ဒီနေရာကနေပြီး အကြောက်အကန်ငြင်းဆိုပါတယ်။

လူ့အခွင့်အရေးဆိုတာ လွယ်လွယ်နားမလည်နိုင်လောက်အောင် ရှပ်ထွေးပွေလီနေတဲ့ သပွတ်အူဝါဒတစ်ခု လုံးဝမဟုတ်သလို ကြောက်စရာကောင်းလှတဲ့ နိုင်ငံရေးကျိန်စာတစ်ပုဒ်လည်းမဟုတ်ပါဘူး။

အမှန်တကယ်ကတော့ လူ့အခွင့်အရေးဆိုတာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ်လူလို့ သိထားကြတဲ့ လူသားတိုင်း မမွေးဖွားခင်ကပဲ ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ အလွန်ရိုးရှင်းသော မွေးရာပါလက်ဆောင်မွန် တစ်ခုဆိုတာကလွဲလို့ အခြားဘာအသွင်သဏ္ဌန်တစ်ခုမှ မဟုတ်ခဲ့ပါဘူး။

မွေးရာပါလက်ဆောင်မွန်ဆိုတာက ကျွန်တော်တို့ မွေးကတည်းက ကပ်ပြီးပါလာတဲ့ အရေပြားတစ်စုံလိုပဲ လူတိုင်းရဲ့ မွေးရာပါခံစားခွင့်တစ်ခုလို့ ဆိုလိုလိုက်ခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ၀မ်းနည်းစရာက အဲဒီလူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိတဲ့ မွေးရာပါအရေခွံကို လုံး၀၀တ်ဆင်ခွင့်မရှိပဲ မွေးဖွားကြီးပြင်းလာရတဲ့ သနားစရာလူတွေ ဟောဒီကမ္ဘာမြေပေါ်မှာ ဒုနဲ့ဒေး ရှိနေသေးတယ်ဆိုတာကိုပါ။ အဲဒီသနားစရာ လူတွေထဲမှာ ခင်ဗျားတို့ ကျွန်တော်တို့အပါအ၀င် မြန်မာပြည်သား သန်းပေါင်း(၆၀)လောက်က ရှေ့ဆုံးကပါဝင်နေခဲ့တယ်ဆိုတဲ့ အချက်ကတော့ အဲဒီဝမ်းနည်းစရာကို ခြောက်ခြားစရာတစ်ခုအဖြစ် အသွင်ပြောင်းလဲပြစ်ခဲ့ပါတယ်။


လူသားတစ်ယောက်ဖြစ်ရက်နဲ့ ကိုယ်ပိုင်အရေခွံလေးတောင် ၀တ်ဆင်ခွင့်မရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဘ၀ဟာ သွေးရဲရဲ သံရဲရဲနဲ့ ခြောက်ခြားစွာ အကျည်းတန်လွန်းလှပါတယ်။

အဲဒါကလည်း အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့က အရေပြားမဲ့စွာနဲ့ မွေးဖွားလာခဲ့ခြင်းမျိုးမဟုတ်ပဲ မွေးဖွားခဲ့ပြီးမှ အဲဒီအရေပြားကို ရက်ရက်စက်စက် ချွတ်ယူခြင်းခံလိုက်ရတာမျိုးဖြစ်ပါတယ်။

ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်လှပနေရမယ့် အရေပြားတစ်ခုကို ကိုယ်ပိုင်ဝတ်ဆင်ခွင့်မရတဲ့ လူတွေလောက် လူဖြစ်ရှုံး အော့နှလုံးနာစရာ ကောင်းတဲ့လူရယ်လို့ ဒီကမ္ဘာပေါ်မှာ ရှိမနေနိုင်တော့ပါဘူး။ ခန္ဓာကိုယ်ပေါ်မှာ အရေပြားမရှိတဲ့ ကိစ္စဟာ လူသားတစ်ယောက်အနေနဲ့ အခြားအခြားသော ရှက်စရာကောင်းတာတွေနဲ့ဘယ်လိုမှ နိုင်းယှဉ်လို့မရအောင်ပင် အလွန်ရှက်စရာကောင်းလှတဲ့ ကိစ္စတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

အဲဒီတော့လည်း ကိုယ့်အရေပြားကိုယ်ပြန်လိုချင်တဲ့ လူတွေက "ငါဟာပြန်ပေး ငါဟာပြန်ပေး" ဆိုပြီး မုန့်လုစားခံရတဲ့ ကလေးငယ်တွေလို ငိုယိုပြီးပြန်လည်တောင်းယူမိခဲ့ကြတာပေါ့။

ဒါပေမယ့်ကိုယ့်အရေပြားကိုယ် ပြန်လည်ပိုင်ဆိုင်ဖို့ တရားဝင်တောင်းဆိုမှုတွေကို လူ့အခွင့်အရေးချိုးဖောက်တဲ့ လက်နက်ကိုင်လူတစ်စုက နိုင်ငံတော်ကိုပုန်ကန်နေပါပြီဆိုပြီး အကြမ်းဖက်နှိပ်နင်းခဲ့လေတော့ လူတွေရဲ့ငိုသံဟာ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြန်လည်တိတ်ဆိတ်ခဲ့ရတယ်။

အဲဒီအခါမှာ အဲဒီလိုတောင်းဆိုမိခဲ့တဲ့ လူတွေကိုယ်တိုင်ကတောင် ငါတို့ခန္ဓာပေါ်မှာ အရေပြားတစ်ခုရှိသင့်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ်တောင် သံသယပြန်ဝင်လာကြတော့တာပါပဲ။ အဲဒီကမှတစ်ဆင့် လူတွေဟာ အရေခွံမရှိတဲ့ ဘ၀ကိုတစ်ဖြည်းဖြည်းနဲ့ နေသားကျလာခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို နေသားကျနေတယ်ဆိုတာကလည်း သက်တောင့်သက်သာ နေသားကျခြင်းမျိုးမဟုတ်ပဲ ပေဖြစ်တော့လည်းခံရတော့မှာပေါ့ဆိုတဲ့ ပေတုံးတစ်တုံးရဲ့ အထုအနှက်ခံဘ၀ကို ကျင့်သားရနေသလို နေသားကျမှုမျိုးပဲဖြစ်နေခဲ့ပါတယ်။

ဒါဆို ဘာဖြစ်လို့များ ကျွန်တော်တို့အားလုံးရဲ့ အရေခွံတွေကို အဲဒီလူတစ်စုက အညိုးရမ္မက်ကြီးစွာနဲ့ လိုက်လံခွါယူနေကြတာလည်းလို့ အဖြေရှာကြည့်လိုက်တော့ လယ်ပြင်မှာ လင်းတတွေ အပြုံလိုက်နားနေသလို ထင်ရှားတဲ့ အဖြေတစ်ခုထွက်ပေါ်လို့လာခဲ့ပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ သူတို့ရဲ့အကျည်းတန်တဲ့ အနာဂါတ်တွေမှာ ပိုမိုလှပစွာဝတ်ဆင်နိုင်ဖို့ လောဘ၀တ်စုံအကြီးကြီးတစ်ခု ကြိုတင်ချုပ်လုပ်ရန်အတွက်ပဲ ဖြစ်ပါတယ်။

လူတွေအားလုံးပိုင်ဆိုတဲ့ လူ့အခွင့်အရေးတွေအားလုံးကို လူတစ်စုစာပစ္စည်းတွေအဖြစ် အတင်းအဓမ္မ သိမ်းကျုံးယူငင်ပြီး သူတို့ရဲ့ကိုယ်ပိုင်အတ္တတွေကို အရောင်တွေ တောက်သထက်တောက်အောင် လောဘဆေးတွေ ဆိုးနေကြခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် သူတို့တွေ သေချာမတွေးမိတာက ကိုယ့်ကိုယ်ပိုင်အရေပြားနဲ့ချပ်ချပ်ရပ်ရပ်လှပပြီးသား လူတစ်ယောက်ဟာ သွေးသံတွေရဲနေတဲ့ အခြားသူတွေရဲ့အရေခွံတွေကို ထပ်မံဝတ်ဆင်လိုက်ခြင်းအားဖြင့် ပိုမလှလာတဲ့အပြင် နဂိုရှိရင်းစွဲ အရေခွံရဲ့အလှကိုတောင် ပျက်ပြားသွားစေနိုင်တယ်ဆိုတာကိုပါ။

လူတစ်စုရဲ့ အနာဂါတ်ခန္ဓာကိုယ်တွေပိုမိုလှပအောင်မွမ်းမံဖို့ လူသန်းပေါင်းများစွာရဲ့ အရေခွံတွေကိုလိုက်လံခွါယူနေတဲ့ ကိစ္စဟာ နှစ်ဦးနှစ်ဖက်ဘယ်လိုမှ အကျိုးဖြစ်ထွန်းမှုမရှိနိုင်တဲ့ စိတ်ဖောက်ပြန်နေတဲ့ဝါဒတစ်ခု သက်သက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အာဏာဂုဏ်မောက်နေတဲ့လူတွေဟာ အမှန်တရားကိုအချိန်မှီပြုပြင်ဖို့ တိုက်တွန်းပြောဆိုချက်တွေကို မသိသလိုလစ်လျှရှုကာ ပေါက်တဲ့နဖူးမထူးတော့ဘူးကွာဆိုပြီး ရှက်ရမ်းတွေဆက်ရမ်းခဲ့ကြပါတယ်။

ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့နွားငါကျောင်း ကျောက်ပန်းတောင်းရောက်ရောက်ဇာတ်ခင်းနေကြတဲ့ အဲဒီလူစုဟာ လှေတွေ၊ နွားတွေအားလုံးကို သူတို့ဘိုးဘွားပိုင်ပစ္စည်းတွေအဖြစ် မတရားသတ်မှတ်ခဲ့ကြပါတယ်။

အဲဒါတွေကြောင့်လည်း ယ္ခုလက်ရှိမြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်သူ လက်နက်ကိုင်လူတန်းစား (အရေခွံခွါယူနေသူများ) နဲ့ လူ့အခွင့်အရေးအချိုးဖောက်ခံကျောမွဲပြည်သူများ (အရေခွံအစိမ်းလတ်လတ်ချွတ်ခံရသူများ) ဆိုပြီးဆန့်ကျင်ဘက်လူတန်းစားနှစ်ရပ် သိသိသာသာကွဲပြားလာခဲ့ပါတယ်။

့ အလွန်အမင်းကြွယ်ဝချမ်းသာမှုနှင့် အဆုံးစွန်ဆင်းရဲမွဲတေမှုတို့ အပြိုင်အဆိုင် ကျောခြင်းယှဉ်ရပ်နေခြင်း လို့ပြောရင်လည်း မမှားပါဘူး။

အဲဒီလို လူတန်းစားကွာဟမှုမျဉ်းကြောင်းကြီး အကျဲဆုံးဖြစ်နေတဲ့ အနေအထားက နိုင်ငံကြီးလုံးဝဥသုန်ပျက်စီးနေတာကို ထင်ရှားစွာ မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

ပထ၀ီမြေပုံပေါ်မှာကြည့်မယ်ဆိုရင်တော့ သွေးသံရဲရဲနဲ့ အရေခွံမဲ့နေတဲ့ မြန်မာပြည်မြေပုံကြီးကို ပုပ်ရှကွဲအက်နေတဲ့ အနာအိုင်းကြီးတစ်ခုအနေနဲ့ သွေးပျက်ခြောက်ခြားစွာတွေ့မြင်နိုင်ပါတယ်။

သမိုင်းရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အရုပ်ဆိုးအကျည်းတန်တဲ့ အဲဒီလူ့အခွင့်အရေးချိုးဖောက်မှုကြီးကို မြန်မာ့သမိုင်းရဲ့ အဆိုးရွားဆုံးဆုတ်ကပ်ကြီးတစ်ခုအနေနဲ့ တွေ့မြင်နိုင်ပါတယ်။ အရင့်အရင် သမိုင်းတွေမှာ ဖတ်ရှုခဲ့ရတဲ့ ပလိပ်ကပ်လိုဆုပ်ကပ်ကြီးတွေကတောင် လက်မြောက်အရှုံးပေးရလောက်အောင် ယ္ခုလက်ရှိခံစားနေရတဲ့ ဆုတ်ကပ်ကြီးက ဆိုးရွားပြင်းထန်လွန်းနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေဖန်တီးထားတဲ့ အဲဒီဆုတ်ကပ်ဆိုးကြီးက သဘာဝကဖြစ်လာခဲ့တဲ့ ဆုတ်ကပ်တွေထက် အဆပေါင်းများစွာ လူတွေကို အထိနာစေခဲ့လို့ပဲဖြစ်ပါတယ်။ ပလိပ်ကပ်ကြီးကျရောက်စဉ်အချိန်အခါက လူတွေဟာ မြို့ရွာအိုးအိမ်တွေကို စွန့်ခွါထွက်ပြေးပြီး ရောဂါကြီးအကင်းသေတဲ့အထိ နိုင်ငံအတွင်း အခြားဘေးလွတ်ရာနေရာတွေမှာ ပုန်းရှောင်ခွင့်ရခဲ့ကြပေမယ့် အာဏာရူးတွေကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ အဲဒီဆုတ်ကပ်ကြီးကတော့ နိုင်ငံတစ်ခုလုံး လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန်အောင် ကူးစက်ပျံ့နှံ့နေတဲ့အတွက် သနားစရာလူတွေဟာ ပြေးစရာမြေမရှိတဲ့အပြင် ကုရာနတ္ထိဆေးမရှိလည်း ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်တို့မြန်မာပြည်ရဲ့ အနာဂါတ်ကလေးငယ်တွေဟာ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းထက် အဆပေါင်းများစွာ အော့နှလုံးနာစရာကောင်းလှတဲ့ ဇာတ်တူသားစားတဲ့ လူတွေအကြောင်းကို သမိုင်းဖတ်စာတွေအဖြစ် နောင်တချိန်မှာ ရင်နာနာနဲ့ သင်ယူရကြတော့မှာ ဖြစ်ပါတယ်။

ဘယ်လိုရှုထောင့်တွေကပဲကြည့်ကြည့် ကျွန်တော်ကတော့ အဲဒီလူမဆန်တဲ့ အခွင့်အရေးချိုးဖောက်မှုကြီးကို သားသတ်ရုံက သွေးပေါင်းစုံစွန်းထင်းနေတဲ့ သားသတ်ဓားတစ်လက်ထက်ပိုပြီး မမြင်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သွေးညှီနံ့တစ်ခု မပျောက်ခင် နောက်ထပ်သွေးတွေထပ်ထပ်စွန်းနေတဲ့ အဲဒီသားလှီးဓားကြီးရဲ့အောက်မှာ မြန်မာပြည်ရဲ့လူ့အခွင့်အရေး အရေခွံကြီး သွေးဟုန်းဟုန်းတောက်အောင် ခွါယူခြင်းခံခဲ့ရလို့ပဲဖြစ်ပါတယ်။

နိုင်ငံသားတိုင်းတူညီတဲ့ ဂုဏ်သိက္ခာပိုင်ဆိုင်ရေး၊ နိုင်ငံသားတိုင်း တူညီတဲ့ အခွင့်အရေးရရှိရေး၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ပြောဆိုခွင့်ရှိရေး အစရှိတဲ့ အခြေခံ အရေပြားကြီး ကာကွယ်ဝတ်ဆင်ခွင့် မရရှိတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ပညာရေးနိမ့်ကျမှု၊ စီးပွါးရေးချွတ်ခြုံကျမှု၊ နိုင်ငံရေးမတည်ငြိမ်မှု အစရှိတဲ့ ကူးစက်ရောဂါပေါင်းမြောက်များစွာကို ခြောက်ခြောက်ခြားခြားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

တကယ်လို့ အုပ်ချုပ်သူ အာဏာပိုင်တွေအနေနဲ့ ၎င်းတို့နေထိုင်ကြီးပြင်းခဲ့ရတဲ့ နိုင်ငံတော်ကြီး ရောဂါဘယကင်းစင်ပြီး ကျန်းကျန်းမာမာရှိနေတာကို တကယ်ပဲမြင်ချင်တဲ့ စိတ်စေတနာအမှန် ရှိနေသေးတယ်ဆိုရင်တော့ အဲဒီလူ့အခွင့်အရေးဆိုတဲ့ မွေးရာပါအရေခွံကြီးကို ပြန်လည်လွမ်းခြုံပေးဖို့ အချိန်တွေသိပ်မနှောင်းသေးပါဘူး။

ဒါနဲ့တောင် အမှန်ကိုမမြင်နိုင်သေးပဲ ဆက်လက်မိုက်တွင်းနက်နေဦးမယ်ဆိုရင်တော့ အဲဒီအကာအကွယ်မဲ့နေတဲ့ သွေးရဲရဲသံရဲရဲ ခန္ဓာကိုယ်ကြီးကို တစ်စစီဝါးမြိုစားသောက်တော့မယ့် အမျိုးအမည်ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ အခြားသောအခြားသောကူးစက်ရောဂါတွေ အမှောင်ထုတွေထဲကနေ ညာသံပေးချီတက်လာနေပြီ ဖြစ်တဲ့အကြောင်း အရေခွံငတ်နေတဲ့ လူသားတွေကိုယ်စား ကျွန်တော့်အာခေါင်တွေခြစ်ထုတ်ပြီး ရင်ကွဲနာကျစွာ ဟစ်အော်လိုက်ပါတယ်။

<မင်းတစေ>


(မှတ်ချက်။ကျွန်တော်တို့ မ၀တ်ဖူးခဲ့တဲ့ အရေခွံကြီးကို မြင်ဖူးချင်တယ်ဆိုရင်တော့ အောက်မှာခင်းကျင်းပြသထားပါတယ်။ မြင်ဖူးပြီးသား လူတွေလည်းစိတ်ကူးနဲ့ ထပ်မံဝတ်ဆင်ကြည့်နိုင်ပါတယ်။)


အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီ လွတ် လပ် သော အခွင့် အရေး များဖြင့် လည်းကောင်း၊ မွေးဖွား လာသူများ ဖြစ်သည်။ ထိုသူ တို့၌ ပိုင်းခြား ဝေဖန် တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ ရှိကြ၍ ထိုသူ တို့သည် အချင်းချင်း မေတ္တာ ထား၍ ဆက်ဆံ ကျင့်သုံး သင့်၏။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့် အရေး ကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံး တို့ကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုးနွယ် အားဖြင့် ဖြစ်စေ၊ အသား အရောင် အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝ အားဖြင့် ဖြစ်စေ၊ ဘာသာ စကာား အားဖြင့် ဖြစ်စေ၊ ကိုးကွယ် သည့် ဘာသာ အားဖြင့် ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်း မဟုတ် အခြား ယူဆချက် အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်း မဟုတ် လူမှု အဆင့် အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့် ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုး ဇာတိ အားဖြင့် ဖြစ်စေ၊ အခြား အဆင့် အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း
မရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ ဒေသ ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့် ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင် ရာဖြစ်စေ၊ အဆင့် အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသ နယ် မြေ တစ်ခုသည် အချုပ် အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ် တဒေသ လောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။

အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံ စိတ်ချခွင့် ရှိသည်။

အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန် အဖြစ်၊ သို့တည်း မဟုတ် အစေအပါး အဖြစ်၊ နိုင်ထက် စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်း ဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။

အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်း မဟုတ် ရက်စက် ကြမ်းကြုတ်စွာ လူ မဆန် စွာ ဂုဏ်ငယ် စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုရ။

အပိုဒ် ၆
လူတိုင်းတွင် ဥပဒေ အရာ၌ လူပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် အရာ ခပ်သိမ်းတွင် အသိ အမှတ် ပြုခြင်းကို ခံယူ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေ အရာ၌ တူညီ ကြသည့် အပြင်၊ ဥပဒေ၏ အကာအကွယ် ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ ဤကြေညာ စာတမ်းပါ သဘော တရား များကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကို
လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာ အကွယ်ကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်း အတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီး ခြင်းခံ ခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော ပြုလုပ် မှုကြောင့် ဖြစ်ပေါ် လာသော
နစ်နာချက် အတွက် ထိုသူသည် နိုင်ငံ ဆိုင်ရာ အာဏာပိုင် တရားရုံးတွင် ထိရောက် စွာ သက်သာ ခွင့် ရနိုင် စေရမည်။

အပိုဒ် ၉
မည်သူမျှ ဥပဒေ အရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင် ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ။

အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရား များကို အဆုံးအဖြတ် ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရား စွဲဆို စီရင် ဆုံးဖြတ် ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက် သော တရား ရုံးတော်၏ လူအများ ရှေ့မေ